သာစည် ဇန်နဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံဣက် ၁၀ နာရီခွဲက စာရေးဆရာငုပန်း (တောင်သာ)၊ စေသူနှင့်ယဉ်ယဉ် (တောင်ပြာတန်း)တို့ ရေးသားသော “ချစ်ခဲ့တာအပြစ်လား” စာအုပ်သစ်နှင့်မိတ်ဆက်ပွဲနှင့် စာပေဆိုင်ရာဆွေးနွေးပွဲပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ (စာရေးဆရာခန့်စစ်အောင်) က တက်ရောက်လာသော စာရေးဆရာများနှင့် မိတ်ဆက်ပေးပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာအောင်ပိုင်နှင့် စာရေးဆရာဝေးရင့်သီတို့က မုဒိတာစကားပြောကြားသည်။ ထို့နောက် စာရေးဆရာ ငုပန်း(တောင်သာ)က စာအုပ်ဖြစ်မြောက်ရန် ကြိုးစားခဲ့မှုများနှင့် စာအုပ်တွင်ရေးသားထားသော ဝတ္ထု၊ ကဗျာ၊ အက်ဆေးနှင့် အတွေးဖွဲ့သီစာပန်းချီတို့ကို ခံစားမျှဝေဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာ သူများကို စာအုပ်များ အမှတ်တရလက်ဆောင်ပေးသည်။
အဆိုပါပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သင်းသင်းနှင့် ဝန်ထမ်းများ၊ စာရေးဆရာများ၊ ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)