မန္တလေး အောက်တိုဘာ ၂၉
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အသက်(၆၀)နှစ်နှင့် အထက်ရှိ မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန်အတွက် ရပ်ကွက် အလိုက် ဖွဲ့စည်းထားသော ကြိုတင်ဆန္ဒမဲ ကောက်ယူရေး အဖွဲ့များက နေအိမ်များအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၈နာရီက စတင်၍ သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကြိုတင်မဲကောက်ယူရေး အဖွဲ့များသည် ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခြင်း မပြုမီ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ မဲရုံအလိုက် ဆောင်ရွက်ထားသော ဆန္ဒမဲပုံးများကို လုံခြုံရေးကြိုးများဖြင့်ပိတ်ခြင်း၊ ဆန္ဒမဲလက်မှတ်များ ထုတ် ပေးခြင်းများကို ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ စောင့်ကြည့်အဖွဲ့များ၏ ရှေ့မှောက်တွင် ဦးစွာဆောင်ရွက်ကြပြီး ရပ်ကွက်များ အတွင်းသို့ သက်ဆိုင်ရာ မဲရုံများအလိုက် ကွင်းဆင်းဆောင်ရွက်ကြသည်။
ရပ်ကွက်အလိုက် ဖွဲ့စည်းထားသော ကြိုတင်ဆန္ဒမဲ ကောက်ယူရေးအဖွဲ့များကို ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် တစ်ဦး၊ မဲရုံမှူး(သို့မဟုတ်) ဒုတိယ မဲရုံမှူးတစ်ဦး၊ မဲစာရင်းစစ်ဆေးသူတစ်ဦး၊ မဲလက်မှတ်ထုတ်ပေးသူတစ်ဦး၊ ရပ်ကွက်ကိုယ်စား လှယ်(ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ Volunteer) တစ်ဦး၊လုံခြုံရေးရဲတပ်ဖွဲ့ဝင်တစ်ဦးတို့ဖြင့် ဖွဲ့စည်းဆောင်ရွက်ထားခြင်းဖြစ်ပြီး အောက်တိုဘာ ၂၉ ရက်နေ့ မှ နိုဝင်ဘာ ၅ ရက်နေ့ထိ နေအိမ်များအရောက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
အောင်မြေသာစံမြို့နယ်တွင် မဲရုံပေါင်း(၉၂)ရုံရှိပြီး မဲဆန္ဒရှင်ပေါင်း ကျား(၈၅၀၄၈)ဦး၊ မ(၁၀၁၂၀၇)ဦး၊ စုစုပေါင်း (၁၈၆၂၅၅)ဦး ရှိကာ အသက်(၆၀)နှစ်နှင့် အထက်ရှိသူ မဲဆန္ဒရှင်စာရင်းမှာ ကျား(၁၀၃၀၅)ဦး၊ မ(၁၅၄၉၇)ဦး၊ စုစုပေါင်း(၂၅၈၀၂)ဦးရှိကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)