တောင်ကြီး ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် “ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ ကိုစံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကိုပုံနှိပ် ဖော်ပြခြင်းဆိုင်ရာအမိန့်”ပါ ပြဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံများအား ရှမ်းပြည် နယ်(တောင်ပိုင်း)အတွင်းရှိ မြို့နယ်(၂၁)မြို့နယ်မှ ခရိုင်/ မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူးများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများအား အသိပေးရှင်းလင်းခြင်းကို ယနေ့ နံနက်ပိုင်းက ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်စီးပွါးရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစကား ပြောကြားရာ၌ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများမှ တာဝန်ရှိသူများအနေဖြင့် အမိန့်စာပါ ပြဋ္ဌာန်းချက်များနှင့် လုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံများကို သေချာစွာ သိရှိနားလည်ထားရန်လိုအပ်မည်ဖြစ်ကြောင်း၊ သို့မှသာ လုပ်ငန်းရှင်များမှ နမူနာများ တင်ပြခွင့်ပြုချက်တောင်းခံလာသည့်အပေါ် အတည်ပြုရာတွင် လွယ်ကူအဆင်ပြေမည်ဖြစ်ကြောင်း၊ လိုအပ်သည့် အထောက်အပံ့နှင့် အကြံဉာဏ်များကိုလည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်နယ်အစိုးရတို့က ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဆွေးနွေးပွဲအား ဆက်လက်ကျင်းပရာ ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်က ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေကိုလည်းကောင်း၊ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းယုအောင်က “ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသား များကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်” ပါပြဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်များ၊ အမိန့်စာ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆန်းစစ်ပုံစံများအားလည်းကောင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းသန်းဌေးက မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းနှင့် မြို့နယ်အဆင့် အသိပေးရှင်းလင်းခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) (၂၁)မြို့နယ်မှ ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူးများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့သည်။
စိုင်းသန်းကျော်(တောင်ကြီး)