ရန်ကုန် ဇန်နဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ ၂၀၂၄ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက လမ်းမတော်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစွမ်းအားခန်းမ၌ ကျင်းပရာ လမ်းမတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲလွင်နှင့်တာဝန်ရှိသူများ၊ လမ်းမတော်မြို့နယ်ပညာရေးမှူး ဆရာကြီးဦးညွန့်ဝင်း၊ လမ်းမတော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှကျောင်းအုပ်ကြီးများ၊ လမ်းမတော်မြို့နယ်အတွင်းရှိ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆုရကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ လမ်းမတော်မြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူလေးများက ကြိုဆိုပါသည်စုံညီပွဲတော်သီချင်းဖြင့် အခမ်းအနားကိုသီဆိုဖွင့်လှစ်ခဲ့ပြီး လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလွင်ကအဖွင့် အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာကြသည့်တာဝန်ရှိသူများနှင့် ကျောင်းအုပ်ဆရာမကြီးတို့က တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တို့တွင် လူရည်ချွန်ဆု၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီဆု၊ အင်္ဂလိပ်၊ သင်္ချာစွမ်းရည်ဆုများနှင့်အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိခဲ့ကြသည့်ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။
ထို့နောက် လမ်းမတော်မြို့နယ် ပညာရေးမှူးဆရာကြီးဦးညွန့်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တက်ရောက်လာကြသည့်တာဝန်ရှိသူများက ဆုရကျောင်းသား ကျောင်းသူလေးများ၏ စာပေလက်ရာမွန်များနှင့် ပန်းချီ၊ပိုစတာများကို လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်ဆန်းမြင့်