ပုဇွန်တောင် ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့်မီးဘေးအန္တရာယ်များကို ကြိုတင်၍ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေးနှိုးဆော်မှုများကို ယမန်နေ့ညနေပိုင်းက ရပ်ကွက်များအတွင်း မီးသတ်ယာဉ်ဖြင့်လှည့်လည်၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဒုမီးသတ်ဦးစီးမှူးဦးငြိမ်းချမ်းဦးဆောင်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်လမ်းများအတွင်း မီးသတ်ယာဉ်ဖြင့်လှည့်လည်၍ မီးဘေးအန္တရာယ်ကင်းဝေးစေရေး သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင်လည်း ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျငြှိမ်းသတ်ပြီးမှ အိပ်ကြပါရန်၊ လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန်၊ တရားမဝင် လောင်စာဆီများသိုလှောင်ခြင်း၊ ရောင်းချခြင်းများမပြုလုပ်ရန်၊ လမ်းသွားရင်းဆေးလိပ်သောက်သုံးခြင်း မပြုလုပ်ရန်၊ မိမိတို့နေအိမ်ပတ်ဝန်းကျင်ရှိ ရေအိုး၊ ရေစည်များကို ရေဖြည့်ထားရှိရန်နှင့်အမှိုက်များ မီးရှို့လိုပါကလည်း မြို့နယ်မီးသတ်ဦးစီးဌာနထံသို့ သတင်းပေးပို့ဆောင်ရွက်သွားရန်တို့ကို ရပ်ကွက်လမ်းများတစ်လျှောက် မီးသတ်ကားဖြင့်လှည့်လည်ကာ အသိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်