ကျိုင်းတုံ ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများ၊ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်ပါပြဋ္ဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံများအား ပြည်နယ်အဆင့်အသိပေးရှင်းလင်းခြင်းကို ဇန်နဝါရီ ၂၄ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
အသိပေးရှင်းလင်းပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ အဖွဲ့ဝင်-၃ ဦးလုကာက ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ ထုပ်ပိုးခြင်းနှင့် ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်ပါပြဋ္ဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များလိုက်နာနိုင်ရေးနှင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကြောင့် ပြည်သူလူထု၏ ကျန်းမာရေးထိခိုက်မှုများလျှော့ချနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစည်သူအောင်နှင့် ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာကျော်ကျော်လင်းတို့က မြန်မာနိုင်ငံ၏ မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားသေဆုံးမှုအခြေအနေများ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများ၊ ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်ပါပြဋ္ဌာန်းချက်များ၊ လုပ်ငန်းလမ်းညွှန်နှင့် ဆန်းစစ်ပုံစံများ၊ လုပ်ငန်းရှင်များ လိုက်နာရမည့် ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်စသည့် ထုတ်ပိုးမှုပုံစံများအား အသိပေးရှင်းလင်းရာ တက်ရောက်လာကြသည့် သက်ဆိုင်ရာနှီးနွယ်ဌာနဆိုင်ရာများ၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးလုပ်ငန်းရှင်များက သိရှိလိုသည်များ ပြန်လည်မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)