ပျဉ်းမနား ဇန်နဝါရီ ၂၅
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော စာရင်းအင်းအရည်အသွေး ပြည့်ဝမှန်ကန်ရေးနှင့် လယ်ယာမြေဥပဒေအရ စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၂ ရက်နေ့က ပျဉ်းမနားခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ရုံးဝန်းအတွင်းရှိ သီးနှံအထွက်နှုန်း အကဲဖြတ်စင်တာ (Crop Yield Assessment Center) ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွဋ်က မိမိတို့ဌာနအနေဖြင့် နိုင်ငံတော်၏ လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် အခြေခံကျသည့် မြေသယံဇာတဖော်ထုတ်ရေး၊ မြေယာစီမံခန့်ခွဲရေး၊ မြေယာအသုံးချမှုနှင့် အရည်အသွေးပြည့်ဝပြီး တိကျမှန်ကန်သော သီးနှံစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာစာရင်းများ ပြုစုထုတ်ပြန်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ စာချုပ်စာတမ်းများ မှတ်ပုံတင်ရေးဆိုင်ရာ လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများအနေဖြင့် ဆွေးနွေးပွဲမှ ရရှိလာမည့် အသိပညာ၊ အတက်ပညာများကို အသုံးချပြီး ဌာန၏ လုပ်ငန်းတာဝန်များတွင်ပါဝင်သော စာရင်းအင်းအရည်အသွေး ပြည့်ဝမှန်ကန်ရေးလုပ်ငန်းစဉ်နှင့် လယ်ယာမြေဥပဒေအရ စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ရာမှာ အဓိက အထောက်အကူ ပြုပေးနိုင်သူများဖြစ်အောင် ကြိုးစားစေလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် မြေအသုံးချမှုဆိုင်ရာစာရင်းများ ကောက်ယူပြုစုရာတွင် မြန်မာနိုင်ငံမြေစာရင်းလက်စွဲဥပဒေပါ ပြဋ္ဌာန်းချက်များ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအပေါ် အခြေခံဆောင်ရွက်နိုင်ရန်နှင့် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များ၊ တည်ဆဲဥပဒေများအပါ ပြဋ္ဌာန်းချက်များနှင့်အညီ စာချုပ်စာတမ်းများ မှတ်ပုံတင်ပေးရာတွင် လိုက်နာရမည့် လုပ်ငန်းစဉ်၊ လုပ်ထုံးလုပ်နည်းများအား ဆွေးနွေးမည်ဖြစ်ပြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဦးနှင့် ညွှန်ကြားရေးမှူးများ၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးများမှ အရာထမ်း/အမှုထမ်း ၁၄၅ ဦး တက်ရောက်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)