သံဖြူဇရပ် ဇန်နဝါရီ ၂၅
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း (ပညာ့ဗိမာန်)ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက “စုံညီပွဲတော်တို့နွဲ့ပျော်”တေးသီချင်း သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်အေးက အဖွင့်အမှာစကား ပြောကြားပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သောင်းက ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောင်းအကျိုးတော်ဆောင်နာယက အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးမြင့်ဦးက ကျောင်းဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားပြီးး၊ ဆက်လက်၍ ထူးချွန်ကျောင်းသား ကျောင်းသူများအား မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ဧည့်သည်တော်များမှ ဆုများအသီးသီးချီးမြှင့်ပေးပြီး ကျောင်းသား၊ကျောင်းသူများက အကအလှတေးသီချင်းဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားကို “လမ်းပြကြယ်”သီချင်းသီဆို၍ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)