ကွမ်းခြံကုန်း အောက်တိုဘာ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် (၂၀၂၀)ပြည့်နှစ် နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲများသင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၉)နာရီက ဈေးပိုင်း ရပ်ကွက်ရှိ ဇာတိမာန်ခန်းမတွင် ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှသူမှ အထူးရဲတာဝန်ထမ်းဆောင်မည့် တစ်ဦးချင်းစီတိုင်း လိုက်နာကျင့်သုံးရမည့် စည်းကမ်း ကျင့်ဝတ်များ သင်တန်းမှပို့ချပေးလိုက်သော သင်ခန်းစာများအား လက်တွေ့မြေပြင်တွင် အကျိုးရှိစွာ အသုံးချရန်၊ မဲရုံလုံခြုံရေး ဆောင်ရွက်ရာ တွင် သတိထား ဆောင်ရွက်ရမည့် အကြောင်းအရာများ ပြည်သူများနှင့်ဆက်ဆံရာတွင် ချိုသာ ယဉ်ကျေးစွာ ပြောဆိုဆက်ဆံရန် တို့ကိုသင်တန်း ဆင်းပွဲ အမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
သင်တန်းဆင်းပွဲကို ကိုဗစ်-၁၉ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရန်နေရာခွဲ၍ ကျင်းပခဲ့ပြီး သင်တန်းပြီး ဆုံးသွားသော အထူးရဲများ အား လစာငွေနှင့် ရိက္ခာငွေများကို ပေးအပ်ခဲ့သည်။
သင်တန်းပြီးဆုံးသွားသော အထူးရဲများအနေဖြင့် ယခုအချိန်တွင် မိမိတို့တာဝန်ကျရာရပ်ကွက်၊ ကျေးရွာ ကော်မရှင်ရုံးများတွင် မဲရုံအတွက် လိုအပ်သော ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် လုံခြုံရေး အတွက် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ကွမ်းခြံကုန်းမြို့နယ်တွင် ကျေးရွာအုပ်စု (၄၃) အုပ်စု၊ ကျေးရွာခွဲပေါင်း(၁၃၅)ရွာတွင်မဲရုံပေါင်း(၁၈၀)ရှိပြီး သင်တန်းဆင်းအထူးရဲ(၁၈၀)ဦးမှ တာဝန်ကျရာ မဲရုံအသီးသီးတွင် လုံခြုံရေး တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)