ပင်းတယ ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ ယခုအခါတွင် ဆောင်းသီးနှံ ဒေသထွက်ခရမ်းချဉ်သီးများ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်၍ စတင်ခူးဆွတ်ရောင်းချကြလျက်ရှိကြောင်း သိရသည်။
ဓနုဒေသတွင် နေထိုင်ကြသူအများစုမှာ ဒေသရိုးရာ အစားအစာများဖြစ်သည့် လက်ဖက်၊ ဂျူး၊ ပဲပုတ် လုပ်ငန်းအပြင် ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပန်းကော်ဖီ၊ ပန်းမုန်လာ၊ ဆီနေကြာ၊ မြေပဲ၊ ပြောင်း၊ ထောပတ်၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တောင်ယာနှင့်လယ်ယာစသည့်တို့ကို တနိုင်တပိုင် စီးပွားရေးအဖြစ် လုပ်ကိုင်ကြပြီး၊ ထွက်ရှိလာသည့်သီးနှံများအား ရန်ကုန်၊ မန္တလေး၊ အောင်ပန်းအစရှိသည့် မြို့ကြီးများရှိ ကုန်စိမ်းပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့် ယခုအောင်ပန်းမြို့ပွဲရုံတွင် ဆောင်းသီးနှံ ခရမ်းချဉ်သီး တစ်ပိဿာကို အရွယ်အစားပေါ်မူတည်၍ ကျပ် ၈၀၀ မှ ကျပ် ၁၂၀၀ ထိ ရောင်းချရကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
အောင်ကိုဦး (ပြန်/ဆက်)