လားရှိုး ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာ လာရောက်ထုတ်ယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ပင်စင်စားများကို လိုအပ်သည့် ကျန်းမာရေးများ စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်မျိုးမျိုးဆင့်နှင့် ကျန်းမာရေးဝန်ထမ်းများက ပင်စင်လစာလာရောက် ထုတ်ယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ပင်စင်စားများကို ဆီးချို၊ သွေးချို၊ သွေးတိုးရောဂါများ စစ်ဆေးပေးခြင်းနှင့် အခြားသော ကျန်းမာရေးစောင့်ရှောက်မှုများကို စစ်ဆေး၍ လိုအပ်သည့် ဆေးဝါးများပေးခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပင်စင်လစာလာရောက်ထုတ်ယူသည့် ပင်စင်စားဦးရေ သုံးထောင်ဝန်းကျင်ခန့်ထိ ရှိနေပြီး အဆိုပါ ပင်စင်စားများ၏ ပင်စင်လစာများကို ထုတ်ပေးရာတွင် အချိန်နှင့်တစ်ပြေးညီ ထုတ်ယူရရှိစေရေး၊ အခက်အခဲတစ်စုံတစ်ရာရှိပါက ကူညီဖြေရှင်းဆောင်ရွက်ပေးခြင်းများကို ဘဏ်မန်နေဂျာ၏ ကြီးကြပ်မှုဖြင့် ဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)