ချမ်းမြသာစည်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုက်လံအသိ‌ပေးနှိုးဆော်

ချမ်းမြသာစည် ဇန်နဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် ယနေ့နံနက်ပိုင်းနှင့် ည‌နေပိုင်းများတွင် မြို့ပေါ်ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊နိုင်ငံအတွင်းရှိ ကုန်ထုတ်အရင်းအနှီးများ၊ မီးဘေးအန္တရာယ်မှလုံခြုံမှုရှိစေပြီး မီးလောင်မှုအကြိမ်နှင့် ဆုံးရှုံးမှုတန်ဖိုးများ လျော့နည်းကျဆင်းစေရန် အတွက် မီးသတိမူရေးသတိပေးဆော်သြခြင်းလုပ်ငန်းများနှင့် တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးလုပ်ငန်းများ စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ထိုသို့‌ဆောင်ရွက်ရာတွင် ချမ်းမြသာစည်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးဦးမင်းမင်းစိုးနှင့်အတူ မီးသတ် တပ်ဖွဲ့၀င်များသည်  ရပ်ကွက်များအတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များဖြစ်သည့် နေအိမ်တိုင်း မီးချိတ်၊ မီးကတ်၊ သဲပုံး၊ ရေပုံးများထားရှိရန်၊ ရေအိုး၊ ရေကန်များကို ဖြည့်တင်းထားရန်၊ မီးဖိုများကို ကာရံအသုံးပြုရန်၊ ဝါး၊ ဓနိအိမ်များရှိ မီးဖိုများကို အိမ်အောက်၌အသုံးပြုရန်၊ မီးဖိုအနီးလောင်စာများရှင်းလင်းထားရန်၊ မီးကြွင်း၊ မီးကျန်များ မရှိစေရေးဂရုပြုရန်၊ ဓါတ်ဆီ၊ ဒီဇယ်ဆီနှင့် အရက်ဆီများ တရားမဝင် သိုလှောင်ရောင်းချခြင်းမပြုရန်၊ ဟောင်းနွမ်း ၊ဆွေးမြည့်နေသော လျှပ်စစ်ပစ္စည်းများ အသုံးမပြုရန်၊ ဘုရားမီးများပူဇော်ရာတွင် မီးမကူးနိုင်သည့် အရာဝတ္ထုများခံလျှက် ထွန်းညှိပူဇော်ရန်၊ နေအိမ်ခြံဝန်းအမှိုက်များကို ရှင်းလင်းရန်၊ မီးအသုံးပြုသည့် စက်ရုံ/အလုပ်ရုံများ၊ ဧည့်ဂေဟာများ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ အရက်ဆီ အရောင်းဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးပစ္စည်းများကို အသင့်အသုံးပြုနိုင်ရေးထားရှိရန်၊ လမ်းကြီးများနှင့်လမ်းသွယ်များတွင် ဖြတ်သန်းသွယ်တန်းထားသော လျှပ်စစ်ကြိုးများ၊ စက်မောင်းမီးကြိုးများနှင့် တယ်လီဖုန်းကြိုးများအား အမြင့်(၁၅)ပေအထိ မြှင့်တင်သွယ်တန်း ထားကြရန်၊ မီးကိုသတ်မှတ်ချိန်အတွင်း၌သာ သုံးစွဲရန်စသည်ဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို လိုက်လံစစ်ဆေး  နှိုးဆော်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့