ကျောက်ဖြူ ဇန်နဝါရီ ၂၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ အပတ်စဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများတက်ရောက်ကြသည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဉက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဟံစိုးက ကျောက်ဖြူ-ရန်ကုန် လေယာဉ်လက်မှတ်ဈေးနှုန်းများအား သတ်မှတ်ထားသည့်ကျသင့်ငွေထက် ပိုမိုရောင်းချမှုမရှိစေရန်နှင့် သတ်မှတ်ဈေးနှုန်းအတိုင်းသာရောင်းချမှုရှိစေရန်အတွက် လေယာဉ်လက်မှတ် ရောင်းချမှုစိစစ်ရေးအဖွဲ့အား ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် လိုအပ်သောလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ရန်ပုံငွေထပ်မံတင်ပြတောင်းခံထားပြီးဖြစ်ကြောင်း တင်ပြလာသည့်ကိစ္စများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄)တွင် ဆွေးနွေးဆုံးဖြတ်မည့် အကြောင်းအရာများနှင့် ဌာနဆိုင်ရာများမှ မိမိတို့ဌာန၏ ဆောင်ရွက်ထားရှိမှုများကို တင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဉက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)