မိုးကောင်းမြို့၌ လူငယ်စကားဝိုင်းကျင်းပ

မိုးကောင်း ဇန်နဝါရီ ၂၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာဆီမီး ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ်(၂)နာရီတွင် အဆိုပါကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကိုယ်ပိုင်အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးကြိုင်က လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့် ပတ်သက်၍ မိတ်ဆက်စကားပြောကြားခဲ့သည်။

လူငယ်စကားဝိုင်းတွင် ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးကြိုင်က ဦးဆောင်ကာ Grade-11 မှ မငုဝါဇင်က လူငယ်နှင့် ဘာသာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မောင်ပြည့်ဖြိုးကျော်က လူငယ်နှင့် ကြီးပွားရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မခိုင်ဇင်ကျော်က လူငယ်နှင့် ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှ မောင်ရှိုင်းဝဏ္ဏက လူငယ်နှင့် ပညာရေး ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ Grade-8 မှ မနန်းလဲ့လဲ့ဝင်းက လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ Grade-10 မှ မောင်စိုးထက်ကျော်က လူငယ်နှင့် မလိုလားအပ်သော အလေ့အထများ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကာ တက်ရောက်လာသူများမှ သိလိုသည်များကို ကဏ္ဍအသီးသီးအလိုက် ပြန်လည်ဖြေကြားဆွေးနွေးကြသည်။

ဆက်လက်၍ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် သုတရသစာအုပ်များကိုလည်း စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)