မိုင်းယောင်းမြို့၌ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်း ဆောင်ရွက်

မိုင်းယောင်း ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(တပ်တွင်း)၌ ယမန်နေ့က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာတင့်တင့်လွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ အလယ်တန်းအဆင့်(Grade-9)ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများသည် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ယူခွင့်ရရှိနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ခရိုင်(၅၀)ခရိုင်ရှိ မြို့နယ်(၅၁)မြို့နယ်တွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း (၅၁)ကျောင်း ဖွင့်လှစ်ပေးခဲ့ပြီဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ခရိုင် (၃၄)ခရိုင်၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအတတ်ပညာများ တွဲဖက်သင်ကြားပေးမည့် အထက်တန်းကျောင်း (၃၄)ကျောင်း ထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်း စသည့် အလယ်တန်းအဆင့် (Grade-9)ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအတွက် မွေးမြူရေးအတတ်ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများအကြောင်းကို ဟောပြောခဲ့သည်။

ထို့နောက် အသက်မွေးကျောင်းပညာတတ်မြောက်ဖို့ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းကို တက်ကြစို့အသက်မွေးကျောင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်သား၊ ကျောင်းသူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)