ပုသိမ်ကြီး ဇန်နဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မန္တလေး နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါတက္ကသိုလ်ရှိ စုဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မန္တလေးနည်းပညာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာစန်းယုခိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်ဝေဝေဖြိုးက လူငယ်စကားများ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ၊ လူငယ်စကားတွင် ပါဝင်ဆွေးနွေးမည့် ကျောင်းသား/ ကျောင်းသူများဖြစ်သည့် ပထမနှစ်မမိုးမြင့်သူမှ လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒုတိယနှစ် မောင်တော်ဝင်မျိုးဦးက အားကစားနှင့် အပန်းဖြေခြင်းကိုလည်းကောင်း၊ ပထမနှစ် မစန္ဒာထွန်းက လူငယ်နှင့်စာပေခေါင်းစဥ်ဖြင့် လည်းကောင်း၊ ဒုတိယနှစ် မထက်အိန္ဒြေလွင်က လူငယ်နှင့်ပညာရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒုတိယနှစ် မောင်အောင်သင်းက သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ခေါင်းစဥ်အသီးသီးတို့အား ပါဝင်ဆွေးနွေးပြောကြားခဲ့ကြပြီး၊ ဦးဆောင်ဆွေးနွေးသူအဖြစ် ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက ပါဝင်ခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား/သူနှစ်ဦးက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ အဆိုပါတက္ကသိုလ် တာဝန်ခံဒုတိယပါမောက္ခချုပ်က လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးပေးခဲ့သော ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးအား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပြီး၊ လူငယ်စကားဝိုင်းတွင်ပါဝင်ခဲ့ကြသော ကျောင်းသား/သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများအား တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ကာ၊ အမှတ်တရ စုပေါင်းဓာတ်ပုံများရိုက်ကူးခဲ့သည်။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇင်မင်းထွန်း ဦးဆောင်၍ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများကိုလည်း ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)