မိုင်းယောင်း ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့က မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက နိုင်ငံ၏စီးပွားရေးအခြေအနေကောင်းများ ဖန်တီးပေးနိုင်ရန် နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထူထောင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ စီမံကိန်းတွင်ပါဝင်သော အစုအဖွဲ့အားလုံး အကျိုးအမြတ်ကိုယ်စီရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်လာစေရန်၊ လယ်ယာကုန်ထုတ်လုပ်မှု ကွင်းဆက်အားလုံး ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်များရရှိလာစေရန် စသည့်အချက်များကို ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်၍ သက်ဆိုင်သူအားလုံးက ကျရာအခန်းကဏ္ဍများမှ ပူးပေါင်းဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး တက်ရောက်လာသည့် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် အစုအဖွဲ့များမှ တာဝန်ရှိသူများက စိုက်ပျိုးရေးစီမံကိန်းများ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လုပ်ကိုင်လျက်ရှိသည့် ငွေကြေးလှည့်ပတ်မှုအခြေအနေများကို သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက လုပ်ငန်းတစ်ခုချင်းအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ဒွန်းနွဲ့ကျေးရွာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် ဒွန့်နွဲ့ကြိုးတံတား ချဉ်းကပ်လမ်း တည်ဆောက်နေမှုအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသော၏ သက်တော်(၇၈)နှစ်ပြည့် ဝါတော်(၅၈) ဝိဇာတပူဇာမွေးနေ့မင်္ဂလာနှင့် သိက္ခာထပ်မင်္ဂလာကျင်းပနိုင်ရေး ငွေပဒေဿာပင်များ လှည့်လည်ပူဇော်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဂေါပကအဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များ၊ ပြည်သူများနှင့်အတူ ကြည်ညိုပူဇော်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)