မြစ်ကြီးနား ဇန်နဝါရီ ၂၅
ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဆီစားသုံးမှု ဖူလုံစေရေးအတွက် မိုးစပါးအထွက်တိုးစေရေးနှင့် သီးထပ်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ကွင်းများအတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအုပ်စု ဂျေမောက်ကျေးရွာ အနီးရှိ မိုးစပါးစိုက်ကွင်းတစ်ခုဖြစ်သည့် ဂျေမောက်ကွင်း (ကွင်းအမှတ်-၆၂) မိုးစပါးစိုက်ပျိုးသည့် ဧက ၂၀၀ အတွင်း ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး မိုးစပါးအထွက်နှုန်းတိုးပွားရေး၊ စိုက်ပျိုး ရေ အပြည့်အဝရရှိရေးနှင့် လာမည့်နှစ်တွင် သီးထပ်စိုက်ပျိုးနိုင်ရေးတို့အတွက် မေးမြန်းဆွေးနွေး ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါကွင်းအတွင်း စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ ဝါရှောင် ရေလွှဲဆည်ရေအား ဝူယန်အင်းမှတစ်ဆင့် ဆည်ရေရရှိရေး၊ ရှိယင်းစွဲ လက်တံမြောင်းများပြုပြင် ဆောင်ရွက်ပေးနိုင်ရေးနှင့် ဧက ၂၀၀ အတွင်း သီးထပ်စိုက်ပျိုးရေးအတွက် စက်ရေတွင်းများ တူးဖော်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါကျေးရွာအနီး ကွင်းအမှတ်-၆၁၊ ဦးပိုင်အမှတ် (၈/၁၁) ကက်သလစ်အသင်းတော် သိက္ခာတော်ရဆရာတော်ဖာသာ ဒေါက်တာ ယုံဝါ၏ လယ်ဧက ၂၇ ဧကအတွင်း ပန်းနှမ်းစိုက်ပျိုးထားရှိမှု အခြေအနေများနှင့် ရေတွင်းတူးဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဖာသာဒေါက်တာ ယုံဝါနှင့် အထွက်တိုး မျိုးစပါးဆင်းဧကရီ-၃ ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ သီးထပ်စိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင် ရေးတို့အတွက် ဆွေးနွေးခဲ့ကြပြီး လိုအပ်သည့် နည်းပညာ၊ စိုက်ပျိုးရေနှင့် သီးနှံမျိုးသစ်များ ထောက်ပံ့ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မဒိန်ဧက ၁၀၀ စံပြစိုက်ကွင်းသို့ သွားရောက်ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စိုက်ကွင်းအတွင်း စိုက်ပျိုးရေး ဦးစီးဌာနမှ သီးနှံမျိုးစုံအကန့်လိုက်စိုက်ပျိုးခြင်း (Strip Cropping) တောင်သူအသိပညာပေး စိုက် ခင်းစိုက်ပျိုးထားရှိမှုအခြေအနေများနှင့် ဧက ၁၀၀ အနက် ဧက ၇၀ ကျော်တွင် ဆီထွက်သီးနှံ ပဲပုပ်နှင့် နေကြာသီးထပ်စိုက်ပျိုးထားရှိမှုအပေါ် စိုက်ပျိုးရေလုံလောက်စွာရရှိရေး စီမံဆောင်ရွက် ပေးထားသည့် ဝါရှောင်ဆည်ရေနှင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစက်ရေတွင်းမှ တစ်ဆင့် ရေသွင်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရေမရောက်သည့်နေရာများတွင် ရေရှိရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေးပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် အဆိုပါစံပြစိုက်ကွင်းအတွင်း ဝါရှောင်ကွင်းမှ တောင်သူများနှင့် တွေ့ဆုံကာ ၎င်းတို့၏ လယ်ဧက ၂၀ ကျော်တွင် စံပြဆောင်းသီးထပ်သီးနှံစိုက်ပျိုးနိုင်ရေး၊ လာမည့်နှစ်များအတွင်း ဝါရှောင်ကွင်း စိုက်ဧက ၂၀၀ လုံးတွင် တိုးချဲ့စိုက်ပျိုးနိုင်ရေး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဆောင်းသီးထပ်သီးနှံ စိုက်ပျိုးနိုင်ရေးအတွက် လတ်လလော လယ်မြေများတွင် ထယ်ထိုးဆောင်ရွက်ပေးနိုင်ရေးနှင့် ကျွဲ၊ နွား အန္တရာယ်ကင်းရှင်းရေးအတွက် ခြံဝင်းကာရံပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကာ သီးထပ်အတွက် ပဲပုပ်နှင့် နေကြာမျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)