နေပြည်တော် ဇန်နဝါရီ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား/ကျောင်းသူများဖြစ်အောင် ပြုစုပျိုးထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ခရိုင်ပညာရေးမှူးများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသာ လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများနှင့် လူငယ်လူရွယ်များ ဘဝတစ်သက်တာ ပညာသင်ယူခွင့်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် မြန်မာနိုင်ငံ၏ အမျိုးပညာရေးမဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၁ အရ ဘက်စုံလွှမ်းခြုံနိုင်သော နိုင်ငံတကာပညာရေးစနစ်များနည်းတူ KG+12 စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံပညာရေး ရည်မှန်းချက်များတွင် နိုင်ငံသားတိုင်း အခြေခံပညာပြီးဆုံးသည်အထိ သင်ယူတတ်မြောက်ရေး၊ တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်ပြီး ဗလငါးတန်နှင့်ပြည်စုံသူများဖြစ်စေရေး၊ နည်းပညာနှင့်သက်မွေးပညာ၊ အဆင့်မြင့်ပညာတို့ကို သင်ယူရာတွင် အထောက်အကူဖြစ်စေမည့် ပညာအခြေခံရရှိရေး၊ အားကစားနှင့်ကာယပညာလုပ်ငန်းများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့် လူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် အားကစားစိတ်ဓာတ်ဖွံ့ဖြိုးလာပြီး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး ကျန်းမာရေးအသိပညာတို့ကိုလည်း လက်တွေ့ဘဝတွင် ကျင့်သုံးတတ်လာရေးတို့ဖြစ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူလူငယ်များအား ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာအတတ်ပညာများ ပြည့်စုံစေရေး လေ့လာဆည်းပူးပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်ပြီး နေထိုင်ရေး၊ စားသောက်ရေး စသည့် အသိပညာပေးကဏ္ဍများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူ လူငယ်များအား ပညာရှာမှီးရင်း ဗလငါးတန်ဖွံ့ဖြိုးအောင် ဆရာ၊ မိဘများအနေဖြင့် ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ သို့မှသာ ဗလငါးတန်နှင့်ပြည့်စုံသော ကျန်းမာကြံ့ခိုင်ပြီး မှတ်ဉာဏ်အားကောင်းသော လူငယ်များ ပေါ်ထွန်းလာမှာဖြစ်ကြောင်း၊ မြို့ပေါ်နှင့်ကျေးလက်ဒေသတွင် လေ့လာသင်ယူမှု အခွင့်အလမ်းများ တစ်ပြေးညီရရှိပြီး အသက်မွေးဝမ်းကျောင်းပညာအခြေခံဖြင့် ရွေးချယ်သင်ယူနိုင်စေရေး၊ အခြေခံပညာကျောင်းများသည် ဒေသတစ်ခု၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု ပင်မဌာနများအဖြစ် ပေါ်ထွန်းလာစေရေးတို့ကို အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တဝန်ရှိသူများက နေပြည်တော်အတွင်း ပညာရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဗလငါးတန်ပြည့်စုံသော ကျောင်းသား/ကျောင်းသူများဖြစ်အောင် ပြုစုပျိုးထောင်ပေးရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မွန်းလွဲပိုင်းတွင် ဒက္ခိဏသီရိ အသေးစားနှင့်အလတ်စား စက်မှုဇုန်အတွင်းရှိ Myanmar New Power Motorcytle Co.,Ltd မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်စက်ရုံသို့ သွားရောက်၍ စက်ရုံအတွင်း မော်တော်ဆိုင်ကယ်များ တပ်ဆင်ထုတ်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စား စက်မှုဇုန်ကြီးကြပ်ရေး ကော်မတီ၊ ဆပ်ကော်မတီများ၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီများမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒက္ခိဏသီရိစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများအရှိန်အဟုန်မြှင့်ပြီး လည်ပတ်နိုင်ရေး ဆောင်ရွက်ဖို့လိုကြောင်း၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေမည့် နည်းလမ်းများကို ရှာဖွေပြီး ဆောင်ရွက်စေလိုကြောင်း၊ ပြည်ပသွင်းကုန်အစားထိုးခြင်းဖြင့် ဒေသထွက်ကုန်ကြမ်းများအား တန်ဖိုးမြင့်ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက ဒက္ခိဏသီရိစက်မှုဇုန်အတွင်း လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် Dakhina Meat Export Co., Ltd အသားခြောက်ထုတ်လုပ်ခြင်းနှင့် အသားအေးခဲခန်းလုပ်ငန်း ဆောင်ရွက်မည့် စက်ရုံတည်ဆောက်နေမှုအခြေအနေကိုလည်းကောင်း၊ MAYLP Agriculture Co., Ltd စပါးအခြောက်ခံ စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ရာဇတံခွန်ကုမ္ပဏီလီမိတတ် ကမ္ဘာကျော်ဓာတ်မြေဩဇာစက်ရုံအတွင်း ဓာတ်မြေဩဇာထုတ်လုပ်နေမှုအခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက ထုတ်လုပ်နေမှုအခြေအနေများနှင့် ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)