လွိုင်လင် ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့တွင် ဇန်နဝါရီ ၂၃ရက်နေ့ ည(၈)နာရီအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်များအတွင်း လွိုင်လင်မြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူများက လိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လွိုင်လင်မြို့နယ်မီးသတ်စခန်းမှ မြို့နယ်မှူး ဦးမင်းမင်းဌေးဦးဆောင်သော တပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပြည်သူများအား မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို နှိုးဆော်ရာ နေအိမ်တိုင်း မီးချိတ်၊ မီးကတ်၊ သဲပုံး၊ ရေပုံးများထားရှိရန်၊ ရေအိုး၊ ရေကန်များကို ဖြည့်တင်းထားရန်၊ မီးဖိုများကိုကာရံအသုံးပြုရန်၊ ဝါး၊ ဓနိအိမ်များတွင် မီးဖိုများကို အိမ်အောက်၌အသုံးပြုရန်၊ လေပြင်းများတိုက်ခတ်ပါက မီးကိုချက်ခြင်းငြိမ်းသတ်ရန်၊ မီးဖိုအနီးလောင်စာများ ရှင်းလင်းထားရန်၊ မီးကြွင်း၊ မီးကျန်များ မရှိစေရေးဂရုပြုရန်၊ ဓါတ်ဆီ၊ ဒီဇယ်ဆီနှင့် အရက်ဆီများ တရားမဝင်သိုလှောင်ရောင်းချခြင်းမပြုရန်၊ ဟောင်းနွမ်းဆွေးမြည့်နေသော လျှပ်စစ်ပစ္စည်းများအသုံးမပြုရန်၊ ဘုရားမီးများ ပူဇော်ရာတွင် မီးမကူးနိုင်သည့် အရာဝတ္ထုများခံလျက် ထွန်းညှိပူဇော်ရန်၊ နေအိမ်ခြံဝန်းအမှိုက်များကို ရှင်းလင်းရန်၊ မီးအသုံးပြုသည့် စက်ရုံ/အလုပ်ရုံများ၊ ဧည့်ဂေဟာများ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ အရက်ဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပစ္စည်းများကို အသင့်အသုံးပြုနိုင်ရေးထားရှိရန်၊ လမ်းကြီးများနှင့် လမ်းသွယ်များတွင် ဖြတ်သန်းသွယ်တန်းထားသော လျှပ်စစ်ကြိုးများ၊ စက်မောင်းမီးကြိုးများနှင့် တယ်လီဖုန်းကြိုးများအား အမြင့် (၁၅) ပေအထိ မြှင့်တင်သွယ်တန်းထားကြရန်၊ မီးကိုသတ်မှတ်ချိန်အတွင်း၌သာ သုံးစွဲရန်စသည်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို နှိုးဆော်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အယ်မင်း (လွိုင်လင်)