ညောင်ဦး ဇန်နဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့အာနန္ဒာမြတ်စွာဘုရားကြီး၏ ၉၃၃ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် မြန်မာ့ရိုးရာခြင်းအလှခတ်ပွဲဖွင့်ပွဲ အခမ်းအနားကို အာနန္ဒာဘုရားကြီးအနီး ကွင်းပြင်ကျယ်တွင် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အာနန္ဒာမြတ်စွာဘုရားကြီး၏ ၉၃၃ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် မြန်မာ့ရိုးရာခြင်းအလှခတ်ပွဲ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းအား ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးစောထွန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးမျိုးခိုင်ဝင်း၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနန်းတင့်၊ အာနန္ဒာမြတ်စွာဘုရားကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုတို့က မြန်မာ့ရိုးရာခြင်းအလှခတ်ပွဲဖွင့်ပွဲအား ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြသည်။ ပြီးနောက် အာနန္ဒာမြတ်စွာဘုရားကြီး၏ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက မြန်မာ့ရိုးရာခြင်းအလှခတ်ပွဲ ထည့်သွင်းကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားကာ မြန်မာ့ရိုးရာခြင်းအလှခတ်ပွဲ စတင်၍ခြင်းခတ် ကြသည်။
အာနန္ဒာမြတ်စွာဘုရားကြီး၏ ၉၃၃ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် မြန်မာ့ရိုးရာခြင်းအလှခတ်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပန်းတနော်မြို့နယ်တို့မှ ရိုးရာခြင်းခတ်အကျော်အမော်များ၊ မြန်မာ့လက်ရွေးစင် ရိုးရာခြင်းခတ် အားကစားသမားဟောင်းများ၊ နည်းပြများလာရောက် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
ဒီပါလင်း