တပ်ကုန်း ဇန်နဝါရီ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အောင်မြေရိပ်သာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ယာယီမဏ္ဍပ်ဖြင့် ကျင်းပခဲ့သည်။
အခမ်းအနားကို အောင်မြေရိပ်သာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုးလွင်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းတို့က အဖွင့်အမှာစကားပြောကြားပြီး၊ ကျောင်းအုပ်ဆရာကြီး ဦးဝေဇင်အောင်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်နှင့် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခြေခံပညာအလယ်တန်းကျောင်းမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းအဆင့် “A” ရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းအဆင့် ဉာဏဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ ကာယဆုရရှိသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၀၅ ဦးအား ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီး၊ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်များက ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် တက်ရောက်လာသည့် ဧည့်သည်များနှင့် ကျောင်းသားမိဘများအား ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေပေးခဲ့ရာ အကပဒေသာ အဖွဲ့များကို ကျောင်းသားမိဘများက ဆုငွေများချီးမြှင့်ပေးအပ်၍ ပျော်ရွှင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
တင်စိုးလွင်