ဘားအံ ဇန်နဝါရီ ၂၅
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ဘားအံ)၏ ၂၀၂၄ ခုနှစ် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရာတွင် ရင်းနှီးမြှုပ်နှံမှုများစွာကို အရေးကြီးသည့်လုပ်ငန်းစဉ်အဖြစ် စိုက်ထုတ်ဆောင်ရွက်လျက်ရှိပြီး သင်တန်းတက်ရောက် နေစဉ်ကာလတစ်လျှောက်လုံး လုံခြုံစိတ်ချစွာနေနိုင်ရေး၊ ငွေကြေးအကုန်အကျသက်သာစေရေးအတွက် နိုင်ငံတော်မှ ငွေကြေးအမြောက်အများ အကုန်အကျခံပေးခြင်းသည် မိမိနိုင်ငံအတွင်းရှိ ပြည်သူများအား ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကျန်းမာရေးပြုစုစောင့်ရှောက်မှုပေးနိုင်ရန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ကျေးဇူးနှင့်စေတနာ၊ မိမိတို့အပေါ်မျှော်လင့်ချက်ထားရှိမှုကို ပြန်လည်တုံ့ပြန်ရန်လိုအပ်ပြီး မိမိရပ်ရွာဒေသမှပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည့်ထောက်ပံ့မှုများကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (ဘားအံ)ကျောင်းအုပ်ကြီးဒေါ်နီနီချိုက မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး သူနာပြု-သားဖွားဒီပလိုမာသင်တန်းကို တက်ရောက်ခွင့်ရရှိကြသော သူနာပြုသင်တန်းသား(၁၅)ဦးနှင့် သူနာပြုသင်တန်းသူ (၁၂၀)ဦး စုစုပေါင်း(၁၃၅)တို့က ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များအား တစ်ဦးချင်းမိတ်ဆက်ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က မောင်မယ်သစ်လွင်များအတွက် ငွေကျပ် ၃၃၁၀၀၀၀ (သုံးဆယ့်သုံးသိန်းတစ်သောင်း)ကို သင်တန်းသား၊ သင်တန်းသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် မောင်မယ်သစ်လွင်သူနာပြု သင်တန်းသား/သင်တန်းသူများမှ Voting စနစ်ဖြင့်ရွေးချယ်ထားသည့် King နှင့် Queen တို့အား ကြေငြာပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းတို့က King နှင့် Queen တို့အား ဂုဏ်ပြုစလွယ်နှင့်သရဖူတို့အား အပ်နှင်းချီးမြှင့်ခဲ့ကြသည်။
ထို့နောက် သူနာပြု-သားဖွား သင်တန်းသား၊ သင်တန်းသူများက တိုင်းရင်းသားရိုးရာပဒေသာအကအလှများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)