တပ်ကုန်းမြို့၌ ငရုတ်စိုက်ပျိုး၊ ရိတ်သိမ်းခြင်း၊ အအေးခန်းစနစ်ဖြင့် တင်ပို့ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

တပ်ကုန်း ဇန်နဝါရီ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာအုပ်စု၊ ရွေးစု ကျေးရွာတွင် နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ငရုတ်စိုက်ပျိုး၊ ရိတ်သိမ်းခြင်း၊ အအေးခန်းစနစ်ဖြင့် တင်ပို့ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၊ စိုက်ပျိုးစီးပွားအသိပညာရေးစင်တာ(KC)ခန်းမတွင် ကျင်းပ ဆောင်ရွက်ခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ညီညီထွေး၊ စားသုံးသူရေးရာ ဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဒေါ်နီလာသိန်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စား သုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးခမ်လျန်စွမ်းတို့က အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းညွန့်က မြေယာသမိုင်းကြောင်းနှင့်စီမံခန့်ခွဲမှု၊ အန္တရာယ်ရှိမှုအခြေအနေအကဲဖြတ်မှု၊ မျိုးစေ့၊ ပျိုးပင်နှင့်စိုက်ပျိုးရန် အသုံးပြုသည့် အပင်အစိတ်အပိုင်းများ၊ ဓာတုပစ္စည်းလုပ်ကိုင်ခွင့်၊ ဆေးဖျန်းခြင်းဆိုင်ရာ(GAP)စနစ်များ ရှင်းလင်းပြောကြား၍လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးသုတေသနခြံမှ ဒေါက်တာဝင်းသီတာဦးက အပင်စိုက်ပျိုးခြင်း၊ အပင်ပြုစုခြင်းနှင့် ပိုးမွှားကင်းစင်အောင် ဆောင်ရွက်ခြင်းဆိုင်ရာများ ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ငရုတ်စိုက်တောင်သူ ၅၀ ဦးကို အဖွဲ့သုံးဖွဲ့ခွဲ၍   ဦးသန်းထိုက်ဦး အထွေထွေမန်နေဂျာ Mr.Pepper Co., Ltd ၊ ဦးအောင်ဇော်ထက် MD- Mr.Pepper Co., Ltd တို့ နှင့်အတူ  ငရုတ်စိုက်ပျိုးခြင်းအပိုင်း စနစ်တကျစိုက်ပျိုးခြင်း၊ ရှင်သန်ကြီးထွားစေရန် စိုက်ပျိုးခြင်း၊ ဈေးကွက်အကြိုက် ငရုတ်စိုက်ပျိုးခြင်း၊ မျိုးရွေးချယ်မှုအကြောင်းများ၊ ငရုတ်သီးခူးဆွတ်ခြင်း၊ အ သီးများ ထားသိုခြင်း၊ အအေးခန်းတွင် ထိန်းသိမ်းထားသိုခြင်း၊ ဝယ်သူအကြိုက်ဖြစ်အောင် ထိန်းသိမ်းပြုပြင်းခြင်း၊ ဈေးကွက်ထိုးဖောက်နိုင်ရေးများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်