ကျောက်တံတား အောက်တိုဘာ ၂၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတား မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့်မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ ညီနောင် လုပ်ငန်းရှင်အသင်းများမှ လတ်ဆတ်သောသား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန် များအား ပြည်သူများအလွယ်တကူ ဝယ်ယူရရှိနိုင်ရန်အတွက် ယနေ့နံနက်ပိုင်း(၇)နာရီမှ (၁၀)နာရီထိ ရပ်ကွက် များ အတွင်းသို့ ကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချရာတွင် မြို့နယ်အတွင်းရှိ အမှတ်(၇)၊ (၈)၊ (၉)ရပ်ကွက်များ မဟာဗန္ဓုလလမ်း မြောက်ခြမ်း၊ ဆိပ်ကမ်းသာ လမ်းနှင့် ဗိုလ်အောင် ကျော်လမ်းကြားများတွင် တစ်လမ်းတွင် ကားနှစ်စီးဖြင့် စုစုပေါင်းကား ၆ စီး ဖြင့် မြို့နယ် အတွင်းရှိပြည်သူများ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး၊ စျေးနှုန်းသက်သာစွာဖြင့် သန့်ရှင်း လတ်ဆတ်သော သား၊ ငါး၊ စားသောက်ကုန်များအား ဝယ်ယူရရှိနိုင်ရေး၊ မိမိတို့နေအိမ်အနီးမှာပင်ဝယ်ယူ ရရှိနိုင် ရေး ရည်ရွယ်ကာ စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ သား၊ ငါးနှင့် မီးဖိုချောင်သုံး စားသောက်ကုန်များကိုရပ်ကွက်များအရောက် Mobile Marketစျေးရောင်းယာဉ်များဖြင့် လှည့်လည်ရောင်းချပေးမှုအား အလှည့်ကျဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေနန်းမေ