ကျိုက်ထိုမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်း ဆောင်ရွက်

 ကျိုက်ထို    ဇန်နဝါရီ   ၂၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးက အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းကို ယမန်နေ့နေ့နံနက်ပိုင်းက စတင်ကာ ရပ်ကွက်(၃)ခုတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးအတွက် အဆောက်အဦများ၏ တည်နေရာ၊ အရေအတွက်၊ အမျိုးအစား ၊အသုံးပြုမှုနှင့် လူနေထိုင်သော အိမ်ထောင်စုအရေအတွက်တို့ကို မှတ်တမ်းတင်သိရှိနိုင်ရန် Mobile Tablet အသုံးပြု၍ အဆောက်အအုံစာရင်းတင်ခြင်း လုပ်ငန်းကိုလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် တိုက်နယ်မှူးဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် စာရေးဝန်ထမ်းက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းကို ဇန်နဝါရီ (၂၃)ရက်မှ မတ်လကုန်အထိ ကျိုက်ထိုမြို့နယ်၌  ကောက်ကွက်ပေါင်း (၂၅)ကွက်အား ကောက်ယူသွားမည်ဖြစ်ရာ ယမန်နေ့တွင် ကောက်ကွက် ၃ ကွက်မှ အဆောက်အအုံ  (၁၈၀)လုံးအား ကောက်ယူခဲ့ပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှုးထံမှ သိရသည်။

ကျိုက်ထို (ပြန်/ဆက်)