ကျိုက်ထို ဇန်နဝါရီ ၂၅
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ (Grade-9) အောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူများ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်းတက်ရောက်နိုင်ရန်အတွက် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျိုက်ထိုခရိုင် ပညာရေးမှူး ဦးခိုင်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးဇေယျာဦးတို့က အမှာစကားပြောကြားပြီး မွန်ပြည်နယ်စက်မှု၊ လက်မှုသိပ္ပံကျောင်းအုပ်ကြီး ဒေါက်တာဖြိုးဝေလင်း က စက်မှုဘာသာရပ်အထူးပြုအကြောင်းကို လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းဗိုလ် က စိုက်ပျိုးရေးဘာသာရပ် အကြောင်းကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖြိုးဝင့်ကို က မွေးမြူရေးဘာသာရပ် အထူးပြုအကြောင်းကိုလည်း အသီးသီးရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကျောင်းကို ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး အလယ်တန်းဆင့် (Grade-9) အောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်ကြောင်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် အသက်မွေးပညာရပ်ဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)