စစ်တွေ ဇန်နဝါရီ ၂၄
သင်တန်းဖွင့်လှစ်ဆဲ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများဆိုင်ရာ လုံခြုံရေး၊ အုပ်ချုပ်၊ ထောက်ပံ့ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်ပညာရေးမှူးနှင့် တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းမှ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ပြောင်းလဲလာသည့်နိုင်ငံတော်၏ အခြေအနေနှင့်အညီ ရှေ့လုပ်ငန်းစဉ်(၅) ရပ်၊ ဦးတည် ချက်(၉) ရပ်ချမှတ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့်လည်း နိုင်ငံတော်၏ မူဝါဒနှင့်အညီ ရခိုင်ပြည်နဘ်၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေးဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်အမြဲကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် အကြီးအကဲကလည်း တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများကို အားနည်းမှုမရှိစေရေးနှင့် ဆရာ၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများကို သက်ဆိုင်ရာဒေသများမှ တတ်နိုင်သလောက် ကူညီစောင့်ရှောက်ပေးရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ပညာရေးကို မထိခိုက်စေရေးအတွက် စာသင်ကျောင်းများကို တတ်နိုင်သလောက် ဖွင့်လှစ်နိုင်ရေး၊ ကျောင်းတက် ရောက်မှု ရာခိုင်နှုန်းမြင့်တက်စေရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး တို့အတွက် ပညာရည်မြှင့်တင်ရေးတို့ကို ဝိုင်းဝန်းအားပေးဆောင်ရွက်ရန် မှာကြားထားကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပညာရေးထိခိုက်မှုမရှိစေရေး၊ အနာဂတ် မပျောက်စေရေးအတွက် ယခုတက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ သက်ဆိုင်ရာ ကျောင်းအုပ်ကြီး များအနေဖြင့်လည်း ဆရာ၊ ဆရာမများ ရုံးတက်မှန်ကန်စေရေး၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်မှန်ကန်စေရေး၊ ကျောင်း၏လုံခြုံရေးနှင့် အုပ်ချုပ်၊ ထောက်ပံ့ဆိုင်ရာကိစ္စရပ်များကိုလည်း စနစ်တကျ ကြီးကြပ်ဆောင်ရွက်ကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ ပညာရေးနှင့်စပ်လျဉ်း၍ အခက်အခဲများ၊ ပြည်နယ်အစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များရှိပါက သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများထံဖြစ်စေ၊ မိမိထံသို့ တိုက်ရိုက်ဖြစ်စေ အချိန်နှင့်တစ်ပြေးညီတင်ပြပေးကြစေလို ကြောင်းပြောကြားသည်။
ထို့နောက် တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းမှ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ် ကြီးများက မိမိတို့ကျောင်းအလိုက် လုံခြုံရေး၊ အုပ်ချုပ်ရေး၊ ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ပညာသင်ကြားနေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်နေမှု၊ တက္ကသိုလ်၊ ကောလိပ်များသို့ ကျောင်းသား၊ ကျောင်းသူများ လာရောက်ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးမည့် အစီအမံများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)