အလယ်တန်းအဆင့် အောင်မြင်ပြီး ကျောင်းသားကျောင်းသူများအတွက် မွေးမြူရေးအတတ်ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ဆွေးနွေးဟောပြောပွဲကျင်းပ

သထုံ ဇန်နဝါရီ ၂၄

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအတွက် မွေးမြူရေးအတတ်ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ချပြရှင်းလင်းခြင်းနှင့် ခွေးရူးရောဂါအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းတို့ကို ယနေ့နံနက်က အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ရှေးဦးစွာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာကြည်က အလယ်တန်းအဆင့် အောင်မြင်ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပညာဆက်လက်သင်ယူနိုင်မည့် နည်းလမ်းလေးသွယ်တို့ကို ရှင်းလင်းအမှာစကားပြောကြားသည်။

ယင်းနောက် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင်က Grade-9 အောင်မြင်ပြီးပါက စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးကျောင်းသို့ တက်ရောက်ပြီး မွေးမြူရေးဘာသာအထူးပြု သင်ယူသူများအတွက် သင်ကြားပေးနေမှုပုံစံများ၊ သင်ယူပြီးမြောက်ပြီး အထူးအောင်၊ အဆင့်မီအောင်သူတို့အတွက် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၌ ဆက်လက်ပညာသင်ကြားနိုင်မှုများနှင့် ရိုးရိုးအောင်မြင်သူတို့အတွက်ရရှိမည့် မွေးမြူရေးအတတ်ပညာ အောင်လက်မှတ်နှင့် အသက်မွေးဝမ်းကျောင်းနိုင်မှု အခွင့်အလမ်းများ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားကာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာခွန်မင်းမောင်က ခွေးရူးရောဂါဆိုင်ရာ သိကောင်းစရာတို့ကို ဆွေးနွေးဟောပြောသည်။

အဆိုပါ အခမ်းအနားသို့ သထုံခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ ဆရာမများ၊ Grade-9 သင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)