အလုံ အောက်တိုဘာ ၂၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ နိုင်ရေး အတွက် ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေး၍ လုံခြုံရေး ကြိုးများဖြင့် ချိတ်ပိတ်ခြင်းနှင့် မဲဆန္ဒ နယ်ပြင်ပရောက် ပြည်တွင်း ကြိုတင်မဲများအား ကြိုတင်မဲပုံးထဲသို့ထည့်ခြင်းကို ယမန်နေ့ မွန်းလွဲ (၃)နာရီက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးလှဝင်းက ပြည်တွင်း၊ ပြည်ပမှ ကြိုတင်မဲရောက်ရှိပါက စနစ်တကျ ထားရှိ ဆောင်ရွက်မည့် အစီအစဉ်များကို ညှိနှိုင်း ဆွေးနွေးခဲ့သည်။ ထို့နောက်နိုင်ငံရေး ပါတီကိုယ်စားလှယ်များက ကြိုတင်မဲပုံး လုံခြုံရေးကြိုး၏ ကုဒ်နံပါတ်ကို စစ်ဆေး မှတ်တမ်းတင်ကြပြီး မဲပုံးများချိတ်ပိတ်ခြင်းကို မြို့နယ်ကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများက နိုင်ငံရေး ပါတီ ကိုယ်စားလှယ်များ၏ရှေ့မှောက်တွင် ချိတ်ပိတ်တပ်ဆင်ခဲ့သည်။
ဆက်လက်၍ နိုင်ငံရေးပါတီကိုယ်စားလှယ်များ ရှေ့မှောက်တွင် မဲဆန္ဒနယ်ပြင်ပရောက် ပြည်တွင်း ကြိုတင် မဲစာအိတ်များအား ကြိုတင်မဲပုံ ထဲသို့ထည့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် မဲဆန္ဒနယ်ပြင်ပရောက် ပြည်တွင်းကြိုတင်မဲ(၂၂ )ဦးလက်ခံရရှိကြောင်းသိရှိရသည်။