မြစ်ကြီးနား ဇန်နဝါရီ ၂၄
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ကချင်ပြည်နယ်ဘဏ္ဍာရန်ပုံငွေ(ငွေလုံးငွေရင်း) အသုံးစရိတ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် စပ်လျဉ်း၍ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သည့် ဌာနအဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၄ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ဘတ်ဂျက်များရေးဆွဲလျာထားဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်၊ ဦးတည်ချက်များနှင့်အညီ မဖြစ်မနေအကောင်အထည်ဖော်ဆောင်ရွက်သွားရမည့် လုပ်ငန်းစီမံကိန်းများကို ဦးစားပေးထည့်သွင်းရေးဆွဲခဲ့ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် လျာထားရေးဆွဲခဲ့သည့် ဘဏ္ဍာငွေလျာထားချက်ပြည့်မီအောင် အလေးထားလိုက်နာ၍ ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခုအခါ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းပါ လုပ်ငန်းစီမံကိန်းများ၏ တတိယ(၃)လပတ်အထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအနေဖြင့် မူလခွင့်ပြုချက်အပေါ် ၃၇ ဒဿမ ၁ ရာခိုင်နှုန်း သာဆောင်ရွက်ပြီးစီးကြောင်း စိစစ်တွေ့ရှိရသည့်အတွက် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများအနေဖြင့် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အရည်အသွေး ပြည့်မီစွာ ဆောင်ရွက်ပြီးစီးရေးကြပ်မတ်၍ တာဝန်ယူဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ လိုအပ်သည့် အခက်အခဲများကိုလည်း ပြည့်စုံစွာရှင်းလင်းတင်ပြကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ (ငွေလုံးငွေရင်း)အသုံးစရိတ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ဌာန၊ အဖွဲ့အစည်းများ၏ လုပ်ငန်းနှင့် လုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်း အမိန့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးတင်ပြပြီး ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်Mဂျာရော်က ကချင်ပြည်နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ(ငွေလုံးငွေရင်း) အသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်း/ လုပ်ငန်းများအတွက် ရည်မှန်းထားရှိမှုနှင့် ဒေသန္တရစီမံကိန်း တတိယ(၃)လပတ် အစီရင်ခံစာကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သည့် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများအလိုက် လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် မြေပြင်တွင် တွေ့ကြုံရသည့် အခက်အခဲများ၊ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ အချိန်မီပြီးစီးရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ပါဝါပွိုင့်များဖြင့် အသီးသီးရှင်းလင်း တင်ပြခဲ့ကြရာ လုပ်ငန်းစီမံကိန်းများအလိုက် အားနည်းချက်၊ အခက်အခဲများအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးနှစ်ကုန်ဆုံးမည့်အချိန်တွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးရေး လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်များနှင့်အညီ အလေးထားလိုက်နာဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)