ကျောက်မဲ အောက်တိုဘာ ၂၉
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများက ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန် ဆန္ဒမဲလက်မှတ်များနှင့် မဲရုံလုပ်ငန်း သုံးပုံစံများကို ကျောက်မဲမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူးများထံသို့ ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်ကစ၍ ထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံလုပ်ငန်းသုံးပုံစံများ ထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးထွန်းနှင့် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များက ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် မဲရုံမှူးများထံ စနစ်တကျ ထုတ်ပေးခြင်း ဖြစ်သည်။
ကျောက်မဲမြို့နယ်အနေဖြင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၉၀ စု ၊ ကနဦး လျာထားမဲရုံပေါင်း ၁၁၁ ရုံရှိပြီးမဲဆန္ဒရှင် တစ်သိန်းသုံးသောင်းကျော် ရှိခဲ့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကျေးရွာအုပ်စု ၁၂ အုပ်စုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတော့ ကြောင်း ကြေညာခဲ့သည့်အတွက် ကျန်ရှိ ကျေးရွာအုပ်စုအတွက်သာ ကြိုတင် ဆန္ဒမဲလက်မှတ်များထုတ်ပေးခဲ့ကြောင်း သိရသည်။
အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အတွင်း ရှိနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မဲရုံသို့ကိုယ်တိုင် လာရောက် ဆန္ဒမဲမပေးနိုင်သူများ၊ အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ၊ ဆေးရုံတက်ရောက်နေသူများ၊ အချုပ်ခံနေရသူများ၊ နိုင်ငံ့တာဝန်ဖြင့် မဲဆန္ဒနယ်ကျော်လွန်၍ ခရီးသွားမည့် နိုင်ငံ့ဝန်ထမ်းများ၊ ရွေးကောက်ပွဲတာဝန် ထမ်းဆောင်မည့် သူများစသည့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံတွင် ကြိုတင်ဆန္ဒမဲ ပေးနိုင်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)