တွံတေးမြို့နယ် အ.ထ.က (ခွဲ) သံကြိုးတိုင်၌ လူငယ်များဗလငါးတန်ဖွံဖြိုးရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

တွံတေး ဇန်နဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အဒွန်းကျေးရွာအုပ်စု၊ သံကြိုးတိုင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရှိ ကျောင်းသား/ သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် ရည်ရွယ်၍ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြာင်း သိရသည်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) သံကြိုးတိုင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူသန့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးလွင်ဇော်ဦးက လူငယ်နှင့်အားကစားအကြောင်း ဟောပြောကာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

တွံတေးသား