မိုင်းရယ် ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့်ထွန်း၊ တန့်ယန်းခရိုင် ဒုတိယညွှန်ကြားရေးမှူး ဦးတင်အောင်လွင်၊ မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများသည် နားဖျိုင်းကျေးရွာနှင့် နောင်လုံကျေးရွာတို့တွင် ကျေးရွာဘက်စုံသုံးခန်းမ ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါအဖွဲ့သည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်ခွင့်ပြုရန်ပုံငွေ ၁၅ သန်း၊ ပြည်သူ့ထည့်ဝင်ငွေ ၁ ဒသမ ၆ သန်းစုစုပေါင်း ၁၆ ဒသမ ၆ သန်းဖြင့် ဆောက်လုပ်ခဲ့သော နားဖျိုင်းကျေးရွာ၊ ကျေးရွာဘက်စုံသုံးခန်းမ(အလျား ၄၅ ပေ၊ အနံ ၂၇ ပေ၊ အမြင့် ၁၂ ပေ) ရာနှုန်းပြည့်ပြီးစီးမှု အခြေအနေကိုလည်းကောင်း၊ မြစိမ်းရောင်စီမံကိန်း အတိုးရငွေခွင့်ပြုရန်ပုံငွေ ၁၆ ဒသမ ၈ သန်း၊ ပြည်သူ့ထည့်ဝင်ငွေ ၅ သန်း စုစုပေါင်း ၂၁ ဒသမ ၈ သန်းဖြင့် ဆောက်လုပ်ခဲ့သော နောင်လုံကျေးရွာ၊ ကျေးရွာဘက်စုံသုံးခန်းမ (အလျား ၅၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေ) ရာနှုန်းပြည့်ပြီးစီးမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ဝင်းခိုင်ဦးက မိမိတို့ဌာနအနေဖြင့် ကျေးရွာများတွင် ကျေးရွာဘက်စုံသုံးခန်းမများ ဆောက်လုပ်ပေးခြင်းဖြင့် ကျေးရွာအကျိုးပြုလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် ရှေးလုပ်ငန်းစဉ်များ ဆောင်ရွက်သွားမည့်စီမံကိန်းများကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
မိုင်းရယ်(ပြန်/ဆက်)