ပူတာအို ဇန်နဝါရီ ၂၄
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပူတာအိုခရိုင်/မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများအနေဖြင့် ၂၀၂၄-ခုနှစ် သန်ခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အဦးစာရင်းတင်ခြင်းလုပ်ငန်း (Application)အသုံးပြု၍ လက်တွေ့မြေပြင် ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၀)နာရီက ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်၌ ကွင်းဆင်းကောက်ယူခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သန်ခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဖြစ်သည့် အဆောက်အဦးစာရင်းတင်ခြင်း (Application)အသုံးပြု၍ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ပူတာအိုခရိုင်/မြို့နယ် (လ.ဝ.က) ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ပူးပေါင်း၍ အဖွဲ့လေးဖွဲ့ခွဲကာ အဆောက်အဦးမှတ်တမ်းတင်ခြင်း ဆောင်ရွက်လျက်ရှိရာ ခရိုင်(လ.ဝ.က)ဦးစီမှူး ဦးဗိုလ်မြင့်မှ အနီးကပ်ကြီးကြပ် ဆောင်ရွက်ကြောင်း သိရသည်။
ထို့အပြင် အဆောက်အဦးစာရင်းတင်ခြင်းလုပ်ငန်း (Application) အသုံးပြု၍ လက်တွေ့မြေပြင် ကွင်းဆင်းကောက်ယူဆောင်ရွက်ရာတွင် အဆင်ပြေစွာ ကောက်ယူနိုင်ရေးအတွက် ကချင်ပြည်နယ်ဦးစီးမှူးရုံး၊ မြစ်ကြီးနားမြို့တွင် သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိခဲ့သည့် သင်တန်းသားများမှ ဆင့်ပွားသင်တန်း ပို့ချခြင်းကို ယမန်နေ့တွင် ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ စာတွေ့သင်တန်းပို့ချပေးခဲ့ပြီး သင်တန်းတွင် ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့နယ်ဦးစီးမှူးများနှင့် တိုက်နယ်မှူးများအပါအဝင် သင်တန်းသားစုစုပေါင်း (၂၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)