ဗန်းမော် အောက်တိုဘာ ၂၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၄ နာရီခန့်က ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ဗန်းမော်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနန်ဒူက စေ့စပ်ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းဆောင်ရွက်မှု အခြေအနေများအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း ပြောကြားပြီး ခရိုင်အတွင်းတွင် မဲဆွယ်စည်းရုံး စဉ်ကာလနှင့် ကြိုတင်မဲကောက်ယူ ချိန်အပါအဝင် ရွေးကောက်ပွဲ ကျင်းပနေသည့်နေ့ အထိပြဿနာ တစ်စုံတစ်ရာ မပေါ်ပေါက်စေရေး ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက တစ်ဖက်တစ်လှမ်းကနေ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ ဗန်းမော်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်သိန်းဦးက ခရိုင်အတွင်းရှိ မြို့နယ်များသို့ မဲရုံသုံး ပစ္စည်းများ ခွဲဝေထားရှိမှု အခြေအနေနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ဖြန့်ဝေပေးပို့ထားရှိမှု အခြေအနေ ကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမင်းဇော်အေးက ဆေးရုံတွင်တက်ရောက် ကုသနေသည့် လူနာများကို ကြိုတင်မဲကောက်ယူရာတွင် သတ်မှတ်ရက်နောက်ဆုံးဖြစ်သည့် (၇.၁၁.၂၀၂၀)ရက်နေ့တွင် ကောက်ယူပါက ပိုမိုပြည့်စုံနိုင်ကြောင်း ဆွေးနွေးပြီး တက်ရောက်လာသည့် ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက မိမိတို့ တာဝန်ကျသည့် မြို့နယ်များကို သွားရောက်၍ ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)