ဝမ်းတွင်း ဇန်နဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောရာတွင် သန့်ရှင်းသော ကမ္ဘာမြေကြီးအဖြစ် အဓွန့်ရှည် တည်တံ့ရေးမှာ လူသားတိုင်း၏ တာဝန်ဖြစ်ကြောင်း၊ ညစ်ညမ်းသောကမ္ဘာကို သန့်ရှင်းရေးပြုလုပ်ရန်မှတစ်ပါး အခြားမရှိနိုင်သဖြင့် ကမ္ဘာမြေကို ဖျက်ဆီးနေသည့် အပြုအမူလုပ်ရပ်များကို ရှောင်ရှားခြင်းဖြင့် ကူညီကြရမည်ဖြစ်ကြောင်း၊ စီးဆင်းနေသည့် မြစ်ချောင်းများ မပိတ်ဆို့ရန်လိုအပ်သလို ရေစီးရေလာကောင်းမွန်မှု၏ အနှောင့်အယှက်ဖြစ်သည့် မြစ်ချောင်း၊ ပင်လယ်ပြင်အတွင်း ပလတ်စတစ်စွန့်ပစ်သည့် အလေ့အကျင့်ကို ဖျောက်ပစ်ရမည်ဖြစ်ကြောင်း၊ ပလတ်စတစ်သည် ကမ္ဘာကြီးကို အသက်ရှူကျပ်စေပြီး ပလတ်စတစ် သုံးစွဲမှုဖောင်းပွခြင်းမှတစ်ဆင့် ရေပြင်၊ မြေပြင်ကို မညစ်နွမ်းစေသင့်ကြောင်း၊ ပင်လယ်အတွင်းရှိ ရေနေသတ္တဝါများ မသေဆုံးစေရန်၊ မျိုးတုံးမပျောက်ကွယ်စေရန် ပလတ်စတစ်စွန့်ပစ်မှုများကို ထိန်းသိမ်းသွားကြရမည်ဖြစ်ကြောင်း စသည်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။
ဝမ်းတွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး အသိပညာပေးဆွေးနွေးပွဲများ၊ Talk Show အစီအစဥ်များ၊ ကလေးများအတွက် ဗဟုသုတရဖွယ် အစီအစဥ်များကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုရဲ(ဝမ်းတွင်း)