တာမွေမြို့နယ်၌ မူးယစ်ဆေးဖြတ်သင်တန်းသားများအား စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်း စီမံခန့်ခွဲမှုဘာသာရပ် ဆွေးနွေးပို့ချပေး

တာမွေ ဇန်နဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုရုံးတွင် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ စောင့်ရှောက်မှုခံယူနေသည့် မူးယစ်ဆေးဖြတ်သင်တန်းသားများအား ယနေ့နံနက်ပိုင်းအချိန်က အဆိုပါအသင်းရုံး မေတ္တာစံအိမ်ခန်းမ၌ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်း စီမံခန့်ခွဲမှုဘာသာရပ်ကို ဆွေးနွေးပို့ချပေးခဲ့သည်။

အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှဥက္ကဋ္ဌ ဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာရေးဆရာ ညီညီ (စိတ်ပညာ) က မူးယစ်ဆေးဖြတ်သင်တန်းသားများအား စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်း စီမံခန့်ခွဲမှု အကြောင်းအရာများနှင့်ပတ်သက်၍ အကျယ်တဝင့် အသိပညာပေးရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေမြန်းခဲ့ကြရာ စာရေးဆရာ ညီညီ(စိတ်ပညာ)က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

“တိုင်းပြည်တစ်ပြည်မှာ လူ့စွမ်းအားအရင်းအမြစ်ဆိုတာရှိပါတယ်။ လူ့စွမ်းအားအရင်းအမြစ်ဆိုတာ လူတွေပေါ်မှာပဲ မူတည်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေကိုလည်း တန်ဖိုးရှိအောင် မြှင့်တင်ဖို့လိုသလို အမျိုးသားတွေကိုလည်း တန်ဖိုးရှိအောင် မြှင့်တင်ဖို့လိုပါတယ်။ အဲဒီထဲမှာမှ သာမန်မဟုတ်ဘဲ မူးယစ်နွံထဲကို ကျဆင်းပြီးတော့ တစ်ခါအသစ်တစ်ဖန် ပြန်လည်မွေးဖွားမဲ့ လူသားတွေပေါ်လာတာပေါ့။ တစ်နည်းပြောရရင် ဒီကလေးတွေပေါ့။ အဲဒီကလေးတွေအတွက်လည်း ဘဝမြှင့်တင်ရေးဆိုတာ လိုအပ်ပါတယ်။ သူတို့တွေသည် ဒီဆေးဝါးတွေရဲ့ နွံထဲမှာ နွံနစ်ခဲ့ရတယ်။ သူတို့စိတ်ကို သူတို့အလိုလိုက်ခဲ့တဲ့အတွက် ဒီလိုမျိုးမူးယစ်ရဲ့သားကောင် ဖြစ်ခဲ့ရတယ်။ အခုအခါမှာ သူတို့ဟာ အမြင်မှန်ရလာပြီး ဘဝအသစ်ကို ကြိုးစား၍ ပြန်လည်ထူထောင်မယ်ဆိုတဲ့အခါကျတော့ ကျွန်တော့်အနေနဲ့ ပြောင်းလဲခြင်းကို ဘယ်လိုစီမံခန့်ခွဲတယ်ဆိုတဲ့အကြောင်းကို ဆွေးနွေးပို့ချဖို့ စီစဉ်ထားပါတယ်။ ဒါဟာ လူ့စွမ်းအားအရင်းအမြစ်ကို တစ်နည်းတစ်ဖုံနဲ့ ပံ့ပိုးတာ၊ ထောက်ပံ့တာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီမှာလာပြီး ကိုယ်သိထားတဲ့ အသိပညာ ဗဟုသုတတွေကို မျှဝေဆွေးနွေးဖြစ်တာပါ” ဟု စာရေးဆရာ ညီညီ (စိတ်ပညာ) ကပြောသည်။

မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုအနေဖြင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးသည့် မူးယစ်ဆေးဖြတ်သင်တန်းသားများအား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-ခုနှစ်အတွင်း စုစုပေါင်း မူးယစ်ဆေးဖြတ် သင်တန်းသား (၆၄)ဦးကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)