မော်လမြိုင်ခရိုင် Community Center ခန်းမ၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကျင်းပ

မော်လမြိုင် ဇန်နဝါရီ ၂၄

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရောက်ရှိမည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက မြန်မာနိုင်ငံ၏ သမိုင်းဝင်နေ့ထူးနေ့မြတ်များမှ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းသိကောင်းစရာများ၊ ကျောင်းနေအရွယ်ကလေးဘဝမှစတင်ကာ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာရေး၊ နိုင်ငံတော်နှင့် အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုကို ထိန်းသိမ်းကာကွယ်စိတ်၊ အမျိုးသားရေးစိတ်ဓာတ်၏ အရေးပါမှုနှင့် မျိုးဆက်သစ်လူငယ်များ နိုင်ငံကို ထိန်းသိမ်းကာကွယ်ရမည့် သမိုင်း‌ပေးတာဝန်များစသည့် ဗဟုသုတဖြစ်ဖွယ်များနှင့် သိမှတ်ဖွယ်ရာများအား အသိပညာပေးဟောပြောသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် စာအုပ်စာပေများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)