ပင်းတယ ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဓနုလူမျိုးအများစုနှင့် ပအိုဝ်း၊ ပလောင်၊ ကရင်၊ ရှမ်း၊ မွန်နှင့်ဗမာ စသည်တို့ နေထိုင်ကြပြီး၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ ရှေးဟောင်းစေတီ၊ တန်ခိုးကြီးဘုရားများဖြင့် ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်များ အထူးစိတ်ဝင်တစား လာရောက် လည်ပတ်လေ့ရှိသည့် မြို့ဖြစ်ရာ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယမန်နေ့က သဘာဝပုန်းတလုတ်ရေကန်သာ လမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ(ပင်းတယ)မှ အမှုဆောင်အရာရှိ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးဝန်ထမ်းများမှ ပုန်းတလုတ်ရေကန်သာ လမ်းဘေးဝဲယာတို့တွင် အလှပန်းပင်များ ထပ်မံစိုက်ပျိုးခြင်း၊ ပေါင်းမြက်ပင်များ၊ အမှိုက်သရိုက်များ ရှင်းလင်းဖယ်ရှားခြင်းနှင့် အလှပန်းပင်များအား ရေလောင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်းသိရပြီး၊ အဆိုပါ ရေကန်သာသည် မြို့နေပြည်သူများ ကျန်းမာရေးရရှိစေရန် ကန်ပတ်လမ်းအတိုင်း လမ်းလျှောက်ကြခြင်း၊ ရပ်ဝေးရပ်နီးမှ ပြည်သူများ စိတ်ဝင်တစားဖြင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးသည့် နေရာဖြစ်ရာ မြို့နယ်စည်ပင်သာယာရေးဌာနမှ ရေကန်သာသန့်ရှင့်သာယာလှပစေရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများကို အစဉ်တစိုက် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)