မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ

အောင်မြေသာစံ  ဇန်နဝါရီ  ၂၄

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေမန္တလာအားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး၊ မြို့တော်ဝန် ဦးကျော်ဆန်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတ ရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးစိုးလွင်၊ ဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီး အားကစားနှင့်ကာပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်မိုးဝင်း၊ တိုင်းဒေသကြီးဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးစောငြိမ်း၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ၊ အုပ်ချုပ်သူများ၊ နည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမာများ၊ အားကစားဝါသနာရှင်များ စုစု ပေါင်း ၁၀၀၀ ဦးခန့်တက်ရောက်အားပေးကြသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများ အားကစား သစ္စာအဓိဌာန်ရွတ်ဆိုကြသည်။

၎င်းနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေနှင့် ဝန်ကြီးများက ပြိုင်ပွဲဝင်အားကစား သမားများအား လိုက်လံနှုတ်ဆက်ကာ အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ကြပြီး၊ အဖွင့်ပွဲစဥ်အဖြစ် တံတားဦးခရိုင်နှင့် မြင်းခြံခရိုင်အသင်းတို့ ဘောလုံးယှဥ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြသည်။

အဆိုပါ ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသင်း (၁၁)သင်းပါဝင်ယှဥ်ပြိုင် သွားမည်ဖြစ်ပြီး ဖေဖေါ်ဝါရီလ ၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း၊အောင်မြေသာစံ(ပြန်/ဆက်)