မန္တလေးမြို့ အ.ထ.က(၂၅)တွင် မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးအသင်း(ဗဟို)က မူးယစ်ဆေးဝါး အသိပညာပေးဟောပြောပွဲပြုလုပ်

အောင်မြေသာစံ ဇန်နဝါရီ  ၂၄

ပညာရေးဝန်ကြီးဌာန၊ အ‌ခြေခံပညာဦးစီးဌာနနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးအသင်း(ဗဟို)တို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊‌ မြောက်ပြင်၊ ဥပုသ်တော်ရပ်ကွက်ရှိ အမှတ်(၂၅)အခြေခံပညာ အထက်တန်းကျောင်း၊ မြရတနာပုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားပြီး၊ မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေးအသင်း(ဗဟို) အတွင်းရေးမှူး ဦးမြင့်သန်းက မူးယစ်ဆေးဝါးအမျိုးအစားနှင့် ဆိုးကျိုးများအကြောင်းကို လည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး ဦးသန့်ဇင်ဦးက မူးယစ်‌ သမိုင်း အကြောင်းကိုလည်းကောင်း ဟောပြောကြသည်။ ထို့‌နောက် မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေး အသင်း(ဗဟို)  ဘဏ္ဍာရေးမှူး ဒေါ်ခင်မေပိုင်နှင့် အဖွဲ့ဝင် ဒေါ်သင်းသင်းဦးတို့က တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးနှင့်ပါတ်သက်သည့် ဉာဏ်စမ်း မေးခွန်းများ မေးမြန်းကြကာ ပါဝင်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား  အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ကြသည်။

အခမ်းအနားသို့ မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေးအသင်း(ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးဇော်ဦး၊ အတွင်းရေးမှူး ဦးမြင့်သန်း၊ တွဲဖက်အတွင်းရေးမှူး ဦးသန့်ဇင်ဦး၊ ဘဏ္ဍာရေးမှူး ဒေါ်ခင်မေပိုင်၊ အဖွဲ့ဝင် ဒေါ်သင်းသင်းဦး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုဝေနှင့် ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၄၀၀ ဦးခန့်တက်ရောက်ကြကြောင်း သိရသည်။

မြင့်မော်ထွန်း၊အောင်မြေသာစံ(ပြန်/ဆက်)