ခေါင်လန်ဖူး အောက်တိုဘာ ၂၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း သား အိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV Vaccine)စတင်ထိုးနှံ ပေးမည့် အကြောင်း အသိပေး ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ခေါင်လန်ဖူးမြို့နယ် မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခေါင်လန်ဖူးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဂွမ်ဆိုင်းလီက (HPV Human Papilloma Virus)အကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း၊ HPV ကာကွယ်ဆေး အကြောင်း၊ ကျန်မာရေးဌာနမှ သတ်မှတ်ထားသော သားအိမ်ခေါင်းကင်ဆာကာကွယ်ခြင်းနှင့် ကုသခြင်း ဆိုင်ရာ အကြောင်းအရာများ၊ သားအိမ် ခေါင်းကင်ဆာဖြစ်ပွားခြင်းအကြောင်း၊ ရောဂါလက္ခဏာများ အကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လက်ထောက်ကျန်းမာရေးမှူး ဦးသက်နိုင်ထွန်းမှ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ် ဆေးအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ HPV ကာကွယ်ဆေးကိုမြို့ပေါ်ရပ်ကွက်ရှိ အသက်(၉)နှစ်မှ(၁၀)နှစ်မိန်းကလေးငယ်(၆)ဦးအား အောက်တိုဘာ(၂၈)ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ပြီး မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုမှ ရည်မှန်း အသက်အုပ်စုဝင် မိန်းကလေးငယ်များအားဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြိုနယ်ဆရာဝန်ကြီးဒေါက်တာဂွမ်ဆိုင်းလီထံမှ သိရသည်။
ငြိမ်းအိအိဖြိုး(ပြန်/ဆက်)