ချင်းရွှေဟော်မှ နေရပ်ပြန်ပြည်သူ(၁၅)ဦးအား သက်ဆိုင်ရာ ဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်     အောက်တိုဘာ   ၂၉

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက် လာသည့် နေရပ်ပြန် ပြည်သူများအား ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူးဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များ သို့ ပြန်လည် ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့၊ညနေ(၄)နာရီ အချိန်က နေရပ်ပြန်ပြည်သူ (၁၅)ဦး အား  လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ပြည်သူ(၁၅)ဦးမှာ အမျိုးသား(၁၀)ဦး၊ အမျိုးသမီး(၅)ဦးတို့ ဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး၊တောင်သာမြို့နယ်မှ(၁)ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်မှ(၁)ဦး၊တမူးမြို့နယ်မှ(၁)ဦး၊ ကလေး မြို့နယ်မှ(၁)ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်မှ(၂)ဦး၊ နတ္တလင်းမြို့နယ်မှ(၁)ဦး၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ နယ်မှ(၁)ဦး၊ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်မှ(၁)ဦး ၊ ရှမ်းပြည်နယ်မှ(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်မှ(၃)ဦး၊ မိုးမိတ်မြို့နယ်မှ(၁)ဦးနှင့် နမ့်ဆန်မြို့နယ်မှ(၂)ဦးတို့ ဖြစ်သည်။

၎င်းနေရပ်ပြန်ပြည်သူ(၁၅)ဦးအား ချင်းရွှေဟော်မြို့ ၊ အမှတ်(၁)ရပ်ကွက်တွင် အသွားအလာကန့်သတ် ခေတ္တထားရှိပြီး ချင်းရွှေဟော် ပြည်သူ့ ဆေးရုံ၌  ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Rapid Tast Kit စနစ်ဖြင့် စစ်ဆေးခဲ့ရာ နေရပ်ပြန် ပြည်သူအားလုံးတို့မှာ ရောဂါပိုးမတွေ့ရှိ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီက သက်ဆိုင်ရာဒေသများသို့ လွှဲပြောင်းပို့ ဆောင်ပေးခဲ့သည်။

ထိုသို့  ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် များသို့ နေရပ်ပြန်ပြည်သူများအား   စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ  ဧပြီလ ၃၀ ရက်နေ့ မှ ယနေ့အထိ အမျိုးသား(၈၆၆၃)ဦးနှင့် အမျိုးသမီး(၆၉၉၆)ဦးတို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၅၆၅၉)ဦး တို့ကို လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)