ဖားကန့် တောင်ပြိုရွာအား ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(ဖားကန့်)မှ ဆန်အိတ်များ ထောက်ပံ့

ဖားကန့် အောက်တိုဘာ ၂၉

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စုအတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး အများဆုံး တွေ့ရှိသည့် အတွက် အသွားအလာကန့်သတ်ထားသည့် တောင်ပြိုကျေးရွာကို ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း(ဖားကန့်)မှ ယမန်နေ့က တစ်အိမ်ထောင်စုလျှင် ဆန်(၆)ပြည်အိတ်တစ်အိတ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

တောင်ပြိုကျေးရွာတွင် အိမ်ထောင်စု ၄၈၀ ရှိပြီး လူဦးရေအားဖြင့် ၁၇၁၄ ရှိကာ အိမ်ထောင်စု တစ်စုလျှင် ဆန်(၆)ပြည်အိတ် တစ်အိတ်ကို ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(ဖားကန့်) ကထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။

တောင်ပြိုကျေးရွာကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် အလှူရှင်များက နေ့စဉ်စားသောက်ရေးအတွက် ငွေကျပ်(၂၅)သိန်းကို ထောက်ပံ့ပေးလျက်ရှိသည်။ တောင်ပြိုကျေးရွာမှ ရွာသူ/ရွာသားများက အသွားအလာကန့်သတ်ထားမှုရှည်ကြာလာသည့် အတွက် အောက်တိုဘာ ၂ ရက်နေ့က အသွားအလာကန့်သတ်မှုဖြေလျော့ပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြပြီး မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ က ဖြေလျှော့မှုအချို့ကို ဆောင်ရွက်ပေးခဲ့သည်။

ဖြေလျှော့ပေးမှုအရ ကျန်းမာရေးကိစ္စဖြစ်ပါက အရန်သင့်ထားရှိသောကားများဖြင့် မြို့နယ်အတွင်း နှစ်သက်ရာဆေးပေးခန်းများ၌ ချက်ချင်း ဆေးကုသမှု ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဈေးဝယ်ကိစ္စများအတွက် ကြိုတင်စာရင်းပေးကာ သတ်မှတ်ထားသော ကားအတွင်း ကျန်းမားရေးဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းမျဉ်းများလိုက်နာကာ ဈေးဝယ်ယူမှု ဆောင်ရွက်ရမည့် ကိစ္စများအား သဘောတူညီခဲ့ကြကြောင်း သိရသည်။

တာလင်းမောင်(ပြန်/ဆက်)