နမ့်စန်(တ) ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ယူနိုင်မည့်အခွင့်အလမ်းဆိုင်ရာများ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁နာရီခွဲက ဟိုက်ဖတ်ကျေးရွာအုပ်စု၊ ဟိုက်ဖတ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမ့်စန်ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်နန်းခမ်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြသိန်းနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအမ်ဇော်မိုင်တို့က အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသားကျောင်းသူများ၏ ပညာဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်းများ၊ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး ပညာရပ်များလေ့လာသင်ယူခွင့်ဆိုင်ရာများနှင့်အခွင့်အလမ်းများ စသည်တို့ကိုအသေးစိတ်အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ အ.ထ.က(ဟိုက်ဖတ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာအောင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သူရအောင်(နမ့်စန်)