မင်္ဂလာဒုံမြို့နယ်တွင် ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများကို ရပ်ကွက်နေပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

မင်္ဂလာဒုံ ဇန်နဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ အချက်အလက် (Biographic)၊ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၉) နာရီက တောတိုက်ရပ်ကွက်ရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိသော ရပ်ကွက်နေပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ခြင်းကို မင်္ဂလာဒုံမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်သူနှင့် ဝန်ထမ်းများက တောတိုက်ရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာစေပြီး ဇီဝဆိုင်ရာ အချက်အလက် စိစစ်ကောက်ယူ၍ Database တွင် သိမ်းဆည်း၍ မတူညီဂဏန်း (၁၀) လုံးပါဝင်သည့် Unique ID နံပါတ်ကတ်ပြားများကို နေ့ချင်းပြီးထုတ်ပေးလျက်ရှိ​သည်။

“ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းသည် အဓိကကျသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပြီး (၁၀) နှစ်နှင့်အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် (PR) ဖြင့် ခွင့်ပြုသူ၊ အမြဲနေအခွန်ဆောင်နိုင်ငံခြားသားတို့၏ Biographic Data နှင့် Bio metric Data များ ကောက်ယူ၍ ဂဏန်း (၁၀)လုံး ပါ၀င်သည့် Unique ID နံပါတ်သတ်မှတ်ပြီး မှတ်ပုံတင်ထုတ်ပေးနိုင်ရေးဖြစ်သည်”ဟု ဆိုသည်။ E-ID စနစ်ကို အကောင်အထည်ဖော်ခြင်းအားဖြင့် နိုင်ငံအတွက် လိုအပ်သည့်အချက်အလက်များကို တစ်နေရာတည်းတွင် ရရှိနိုင်ပြီး နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပြီး သန်းခေါင်စာရင်းကောက်ယူရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဌေးလင်း