မြစ်သား အောက်တိုဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ခွင့်ရှိသူများက ဆန္ဒမဲလက်မှတ်များကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရပ်/ကွက် ကျေးရွာကော်မရှင်အဖွဲ့ခွဲများထံသို့ ယမန်နေ့နံနက် (၁၁) နာရီအချိန်က မြို့နယ် စာရင်းစစ်ရုံးတွင် ထုတ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံလုပ်ငန်းသုံးပုံစံများ ထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်ဝင်း က အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အတွင်း ရှိနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲမပေးနိုင်သူများက သက်ဆိုင်ရာ ရပ်ကွက် /ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင် ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန်အတွက်နှင့် အသက် (၆၀)နှစ် အထက် ကြိုတင်ဆန္ဒမဲပေးသူများ ၊ နိုင်ငံ့တာဝန်ဖြင့် မဲဆန္ဒနယ် ကျော်လွန်၍ ခရီးသွားမည့်နိုင်ငံ့ဝန်ထမ်းများ၊ ရွေးကောက် ပွဲတာဝန်ထမ်းဆောင်မည့်သူများ စသည့် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများသည် အောက်တိုဘာ၂၉ ရက်နေ့မှ နိုဝင်ဘာ၇ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးသူများအတွက် ဆန္ဒမဲလက်မှတ်များကို ထုတ်ပေးခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကြိုတင်ဆန္ဒမဲလက်မှတ်များကို ကျေးရွာ/ရပ်ကွက်များရှိ မဲရုံများအလိုက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များက ထုတ်ပေးကြရာ သက်ဆိုင်ရာ ရပ်ကွက် /ကျေးရွာများ မှ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စိစစ် လက်ခံရယူခဲ့ကြသည်။ မြစ်သားမြို့နယ်တွင် ရက်ကွက်/ကျေးရွာအုပ်စု(၉၂)အုပ်စု၊ မဲရုံ(၂၀၀)ရုံရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ(၁၅၆၂၄၆)ဦး ရှိကြောင်း သိရသည်။
မြမြမွန်(ပြန်/ဆက်)