စီးပွား‌‌ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာ ဟောပြောဆွေးနွေးပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၄

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ကုန်သည်စက်မှုအသင်းချုပ်တို့ပူးပေါင်း၍ စီးပွား‌‌ရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာဟောပြောဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်၊ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊  အမှုဆောင်အဖွဲ့ဝင်များ၊ ညီနောင်အသင်းများ၊ စက်မှုဇုန်များမှ ကိုယ်စားလှယ်များ၊ အသင်းသူ၊ အသင်းသားများ တက်ရောက်ခဲ့ကြသည်။

ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက အမှာစကားပြောကြားရာတွင် “ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် ပုဂ္ဂလိကစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုဆောင်ရွက်နေရာတွင်  စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးကိုသာမက လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကိုပါ ယှဉ်တွဲဆောင်ရွက်နေခြင်းလည်းဖြစ်ပါကြောင်း၊ တာဝန်ယူမှုတာဝန်ခံမှုရှိသည့် စီးပွားရေးဝန်းကျင်တစ်ရပ်ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသလို လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များတွင်လည်း ဒေသတွင်း အဖွဲ့အစည်းများနှင့်သာမက နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနဲ့ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ယနေ့ဆွေးနွေးပွဲက  အသင်းသူ၊ အသင်းသားများ၊ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲသူများ၊ လုပ်ငန်းရှင်များ အားလုံးနှင့်သက်ဆိုင်ပြီး လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့်နားလည်ခြင်းအားဖြင့် အကျိုးရှိနိုင်မှာဖြစ်ပါတယ်” ပြောကြားခဲ့သည်။

လူ့အခွင့်အရေးမြှင့်တင်ခြင်း၊ ကာကွယ်ခြင်း၊ လေးစားလိုက်နာခြင်းနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ UDHR (Universal Declaration of Human Rights)ကို ကုလသမဂ္ဂအထွေထွေညီလာခံက ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အတည်ပြုထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံသည်လည်း လက်မှတ်ရေးထိုးပါဝင်ခဲ့သည်။

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က  “၂၁ ရာစုရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးရာ၊ တရားမျှတမှုဆိုင်ရာကိစ္စရပ်များကို အထွေထွေသုံးသပ်မှုများ ပြုလုပ်ရာတွင် လူ့အခွင့်အရေးစံနှုန်းကို ထည့်သွင်းစဉ်းစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ၏ အရေးကြီးဆုံးသော မဏ္ဍိုင်(၃)ရပ်အနက် လူ့အခွင့်အရေးမဏ္ဍိုင်ဟာ အဓိကကျသော မဏ္ဍိုင်အဖြစ်ပါဝင်နေပါကြောင်း၊ လူ့အခွင့်အရေးနှင့် စီးပွားရေးကဏ္ဍတို့သည် အရေးကြီးသည့် ကဏ္ဍကြီးများဖြစ်ကြပြီး အပြန်အလှန် ဆက်စပ်မှုများ ရှိနေပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းအားထုတ်ဆောင်ရွက်ရာတွင် “Business & Human Rights” ၏ အရေးကြီးမှုကို သတိပြုရန် လိုအပ်ပါတယ်”ဟုပြောကြားခဲ့သည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက စီးပွား‌ရေးနှင့် လူ့အခွင့်အရေးများဆိုင်ရာ လမ်းညွှန်အခြေခံမူများ၊ စီးပွား‌ရေးနှင့် လူ့အခွင့်အရေးနှင့်ပတ်သက်သည့်အမှုများအပေါ် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် အရှေ့တောင်အာရှလူ့အခွင့်အရေး အဖွဲ့အစည်းများတွင် စီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်များစသည်တို့ကို ဟောပြောဆွေးနွေးခဲ့ကြသည်။

အောင်မြင့်(ပြန်/ဆက်)