ဆွမ်ပရာဘွမ် ဇန်နဝါရီ ၂၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ပင်စင်စားအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့်အတူ ပင်စာလစာထုတ်ပေးခြင်း၊ အာဟာရဒါန ထောက်ပံ့ ပေးအပ်ခြင်းတို့ကို ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီခွဲက ဆွမ်ပရာဘွမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်အနီး ဘန်ရူခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအသီးသီးတွင် နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်၍ ပင်စင်အမျိုးမျိုးဖြင့် မြန်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လစာလာရောက်ထုတ်ကြသည့် ပင်စင်စားနိုင်ငံဝန်ထမ်းအငြိမ်းစားများ အား အထက်တန်းသူနာပြု ဒေါ်ခိုင်ခိုင်မိုးနှင့် ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်ပေးခြင်း၊ သွေးတိုး၊ ဆီးချို၊ သွေးချိုစစ်ပေးခြင်းနှင့် သွေးတိုး၊ ဆီးချိုကျဆေးစသည့် လိုအပ်သည့်ဆေးဝါးများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ စုပေါင်းဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအသင်းဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအသင်းဝင်များက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အာဟာရဒါနများကျွေးမွေးခြင်းနှင့် အာဟာရဖြည့် အစားအစာကြက်ဥများအား လိုက်လံထောက်ပံ့ပေးအပ်ခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ပင်စင်စားအငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာလာရောက်ထုတ်ယူသည့် လစဉ် (၂၁) ရက်နေ့ တိုင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ပင်စင်ထုတ်ယူသူပင်စင်စား အဘိုးအဘွား (၂၆) ဦး ရှိကြောင်း မြို့နယ်ဘဏ်မန်နေဂျာ ဦးခိုလီနီယော်ထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)